ရွှေကူ ဇူလိုင် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာအုပ်စု၊ ကျွန်းတော်ကျေးရွာ၌ ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်၍ နေအိမ်အချို့ရေတိုက်စားခြင်းကြောင့် ပြောင်းရွှေ့ရသည့်အိမ်ထောင်စုများ၊ ဖျက်သိမ်းပြောင်းရွှေ့ရသည့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ ယမန်နေ့နံနက် ၉ နာရီခန့်ကသွားရောက်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။
အဆိုပါကျေးရွာအတွင်း ဇူလိုင်လ(၄)ရက်နေ့က ရေတိုက်စားခြင်းကြောင့် နေအိမ်အချို့ ရေတိုက်မျှောပါခဲ့ပြီး အချို့နေအိမ်များအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဖျက်သိမ်းပြောင်းရွှေ့ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရကြောင်းသိရပြီး ထိုသို့ဖျက်သိမ်း ပြောင်းရွှေ့ရသည့် အိမ် ထောင်စုပေါင်း(၂၄)စုရှိကြောင်းနှင့် အဆိုပါအိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်နှင့်အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ အားပေးစကား များ ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီနှင်အလှူရှင်များကစုပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန်(၁၂)ပြည်၊ ခေါက်ဆွဲခြောက်(၃၀)ထုပ်ဖြင့် ဆန်(၁၂)အိတ်၊ ခေါက်ဆွဲခြောက် (၄)ပုံး၊ ကျွန်းတော်ဘုန်းတော်ကြီးကျောင်းအတွက် ဆန်(၃)အိတ်၊ ခေါက်ဆွဲခြောက်(၁၈၀)ထုပ်၊ ဝတ္ထုငွေကျပ် (၃၀၀၀၀၀/) ကျပ်သုံးသိန်းတို့ကို လှူဒါန်းခဲ့ကြောင်း အလားတူ ဇူလိုင်လ (၉)ရက်နေ့ နံနက်ပိုင်းက ရွှေကူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တစ်အိမ်ထောင်လျှင် ဆန်(၂) ပြည်၊ ခေါက်ဆွဲခြောက်(၆)ထုပ်စီဖြင့် ဒုတိယအကြိမ် ထပ်မံသွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်