မော်လမြိုင် ဇူလိုင် ၉
၂၀၂၄ ခုနှစ် မိုးရာသီလေပြင်းဒဏ်ခံ “အုန်းပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၊ ပြည်နယ်တရားလွှတ်တော်ရုံးအရှေ့ သံလွင်မြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အုန်းပင်များသည် ပူအိုက်စွတ်စိုသည့် ရာသီဥတုကိုနှစ်သက်ပြီး မြေနုကွင်းမြေ၊ နုန်းမြေတွေကို နှစ်သက်သည့်အတွက် ကမ်းရိုးတန်းနှင့် မြစ်ချောင်းကမ်းပါးတွေမှာ ပိုမိုဖြစ်ထွန်း၍ အုန်းပင်များသည် ကွေးညွှတ်နိုင်သည့် ပင်စည်များရှိသည့်အတွက် လေပြင်းဒဏ်ခံနိုင်ပြီး လေကာပင်အဖြစ် အသုံးဝင်လှပါကြောင်း၊ အုန်းသီးကို စားသုံး၍ရသလို အုန်းပင်တစ်ပင်လုံးရဲ့ အစိတ်အပိုင်းအသီးသီးဟာ အသုံးကျသည့်အတွက် ယခုလိုစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ဒီရေတောများသည် ကမ်းရိုးတန်းဒေသအတွက် အကျိုးပြုမှုများစွာရှိပြီး ငါးသယံဇာတနှင့် အစားအစာလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသနေ ပြည်သူများအတွက် အသက်မွေးဝမ်းကြောင်းကို ထောက်ပံ့ပေးနိုင်ခြင်း၊ သမုဒ္ဒရာနှင့် သန္တာကျောက်တန်းများသို့ ရောက်ရှိမည့် အမှိုက်သရိုက်တွေကို စစ်ထုတ်ပေးနိုင်ခြင်း၊ ကမ်းရိုးတန်းတိုက်စားမှုနှင့် မုန်တိုင်းဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းအခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ကာဗွန်ရောင်းချခြင်းဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာရရှိစေနိုင်ကြောင်း၊ ကမ်းရိုးတန်းဂေဟစနစ်တွေ တည်ငြိမ်ကောင်းမွန်စေရန် ဆက်စပ်ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုသလိုသဘာဝဘေးအန္တရာယ်တွေဖြစ်လာရင်လည်း လျော့ပါးသက်သာစေဖို့ နည်းလမ်းအမျိုးမျိုးရှိသည့်အနက် အခြေခံအကျဆုံးနည်းလမ်းဖြစ်သည့် ဒီရေတောနှင့် အရိပ်ရလေကာပင်တွေ တိုးမြှင့်စိုက်ပျိုးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက အုန်းပင်အရေအတွက် (၂၅၀)ပင်ကို စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး အုန်းပင်စိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေး၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)