ကျိုင်းတုံ ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကျိုင်းတုံခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ သဘာဝဘေး ကြိုတင်စုဖွဲ့ပြင်ဆင်မှုအား ယမန်နေ့က ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သဘာဝဘေးကြိုတင်ဖွဲ့စည်းပြင်ဆင်ကာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လူအင်အား၊ ယာဉ်ယန္တရား၊ စားနပ်ရိက္ခာ၊ ခိုလုံရန်နေရာ ပြင်ဆင်ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များက ကြည့်ရှုအားပေးပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရေး ကြိုတင်ပြင်ဆင်ရန်အတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)