ပုဂံ-ညောင်ဦးမြို့မှ သွားရောက်နိုင်သည့် ခရီးစဉ်ဒေသသစ် (၅) ခု

ပုဂံ နိုဝင်ဘာ ၁၆

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအလွန် ပုဂံခရီးစဉ် ဒေသပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ခရီးစဉ်ဒေသသစ်များဖော်ဆောင်နိုင်ရေး  ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ ပုဂံညောင်ဦး ရှေးဟောင်းဇုန်အတွင်း လည်ပတ်ရုံသာမက ပုဂံမြို့မှတစ်ဆင့် သွားရောက်လေ့လာနိုင်သည့် ခရီးစဉ်ဒေသသစ် (၅) ခုကို ဖော်ပြပေးလိုက်ပါ သည်။

(၁)ထူးဆန်းသော ကျောက်ရေကန်ခရီးစဉ်

ညောင်ဦးမြို့မှ တုရင်းတောင်သို့ ၁ မိုင် ၇ ဖာလုံကွာဝေးပြီး၊ တုရင်းတောင်ပေါ်ဘုန်းကြီးကျောင်း ရှေ့မှ စတင်၍ ၃၀ မိနစ်ခန့်ရှိသည့် တောင်တက်ခရီးစဉ်ဖြစ်သည်။ တောင်တက်ခရီးနှင်လိုသူများ အတွက် အထူးသင့်လျော် သည့် ခရီးစဉ်ဖြစ်သည်။ ကျောက်ရေကန်သည် အလျား ၈၀ ပေ၊ အနံ ၈၀ ပေ၊ အနက် ၃၀ ပေခန့်ရှိပြီး အလွန်ထူးခြားလှသည့် တုရင်းတောင်တန်းပေါ်ရှိ ရေကန်တစ်ခု ဖြစ်သည်။ ၎င်းကျောက်ရေကန်၏ တောင်ဘက်တွင် မြကန်နှင့် အနောက်တောင်ဘက်တွင် ရှေးဟောင်း မြို့တော်ပုဂံပြည်၏ စေတီပုထိုးများ၊ ဧရာဝတီမြစ်နှင့် တန့်ကြည့်တောင်၏ တောင်စဉ်တောင်တန်းများသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည် များအား တမူထူးခြားစွာ ဆွဲဆောင်နေသော ခရီးစဉ်သစ်တစ်ခုဖြစ်သည်။

(၂) ဇီးအိုကျေးရွာခရီးစဉ်

ဇီးအိုကျေးရွာသည် ပုဂံညောင်ဦးမြို့၏ အရှေ့တောင်ဘက် မြောက်လတ္တီကျူ ၂၅ ဒီဂရီ ၃၀ စက္ကန့်၊ အရှေ့လောင်ဂျီကျူ ၉၅ ဒီဂရီ ၁၂ မိနစ်၊ ၁၅ စက္ကန့်၊ ညောင်ဦးမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ပူပြင်းခြောက်သွေ့သည့် အညာဒေသ၌ သဘာဝအတိုင်းတွေ့နိုင်ခဲသည့် အင်ကြင်းတော (၀.၁၃ စတုရန်းမိုင်)နှင့် အင်ကြင်းကျောက်များရှိပြီး သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည်။ ဇီးအိုကျေးရွာတွင် နှစ်ပေါင်း ၉၀၀ ခန့်သက်တမ်းရှိ ကိုင်းကိုးခွမန်ကျည်းပင်၊ အေဒီ (၁) ရာစုခန့်က သံချက်ဖိုများသည်လည်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည့် သဘာဝအခြေခံခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

(၃) စက်စက်ယိုကျေးရွာခရီးစဉ်

စက်စက်ယိုကျေးရွာသည် ညောင်ဦးမြို့နှင့် မိုင်၂၀ ကွာဝေးပြီး၊ မြောက်လတ္တီကျူ ၂၁ ဒီဂရီ ၀၆ မိနစ် ၃၈ စက္ကန့်၊ အရှေ့လောင်ဂျီကျူ ၉၅ ဒီဂရီ ၀၈ မိနစ် ၀၄ စက္ကန့် ဗျတ္တပန်းဆက်လမ်းမှ သွားရသည်။ ၎င်းရွာကလေး၏ အလွန်ရှေးကျသည့် လူနေမှုပုံစံသည် တမူထူးခြားစွာ ဆွဲဆောင် လျက်ရှိပြီး အမျိုးသား၊ အမျိုးသမီးများသည်လည်း တက္ကသိုလ်ရောက်သည်အထိ ယောင်ပေစုနှင့် ဆံရစ်ဝိုင်းများ ထားရှိကြသည်။ ရွာ၏ အဓိကအလုပ်အကိုင်ထန်းတက်ခြင်းနှင့် ထူးခြားသည့် လူနေမှုဘဝပုံစံများကြောင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပညာရှင်/ဝါသနာရှင်များ မဖြစ်မနေသွား ရောက်သင့်သည့် ခရီးစဉ်တစ်ခုဖြစ်သည်။

(၄) ပုပ္ပါးတောင်မကြီးခရီးစဉ်

ပုပ္ပါးတောင်မကြီးသည် ပုဂံညောင်ဦးမြို့မှ မိုင်(၃၀) ကွာဝေးပြီး တောင်ခြေရှိ ပုပ္ပါးရွာမှ ၃ မိုင် ၆ ဖာလုံ ခြေလျှင်တောင်တက်ခရီးစဉ်တစ်ခုဖြစ်သည်။ ပုပ္ပါးတောင်ဧရိယာအတွင်း၌ မျိုးသုန်းရန် အန္တရာယ်ရှိနေသော မျက်ကွင်းဖြူမျောက်မျိုးစိတ်များ အုပ်စု (၃)ခု၊ အကောင်ရေ (၁၀၂)ကောင် ခန့်တွေ့ရပြီး မီးတောင်ချိုင့်ဝှမ်း အတွင်းရှိ နွားလဘို့တောင်၊ ဆေးကွင်းတောင်နှင့် မှန်ပြတောင် တဝိုက်၌ ကျင်လည်ကျက်စား လျက်ရှိသည်။ ပုပ္ပါးတောင်၏ ရေမြေတောတောင်သဘာဝအလှများ ၊ကျေးငှက်တိရိစ္ဆာန်များ၊ သစ်ခွမျိုးစုံ၊ ကျောက်ပန်း ခက်များနှင့် အလွန်ရှားပါးသည့် ပရဆေးပင်များက သဘာဝအခြေခံခရီးသွားဧည့်သည်များအား မတူကွဲပြားစွာ စွဲဆောင်လျက်ရှိသည့် သဘာဝအခြေခံ ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

(၅) ကျောက်မျက်‌‌မော်ဘုရားခရီးစဉ်

ကျောက်မျက်မော်စေတီသည် ပုဂံမြို့ဟောင်း စိုးမင်းကြီးဘုရားအနီး မြင်းကပါရွာ၏ တောင်ဘက် ဧရာဝတီ မြစ်ကမ်းနဘေးတွင် တည်ရှိသည်။ ကျောက်မျက်မော်စေတီတော်သည် နှစ်ထပ်ဘုရာ တစ်ဆူဖြစ်ပြီး အတွင်း စေတီမှာ ရှစ်မြှောင့်ပစ္စယံခံထားကာ ပျူခေတ်ယဉ်ကျေးမှုလက်ရာများတွေ့ရသည်။ ထူးခြားချက်မှာ အတွင်း စေတီနှင့် အပြင်စေတီကြား အုပ်အပြည့်မဖြည့်ဘဲ (၃)ပေ ခန့် အကျယ်ရှိသော ဒေါက်ကြီးများဖြင့် ထောက်စီ ထားခြင်းဖြစ်သည်။ကျောက်မျက်မော်စေတီကို အေဒီ ၁၂-၁၃ ရာစုခန့်က တည်ထားခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များ၏ သုံးသပ်ချက်အရသိရသည်။ ညနေခင်းနေဝင်ဆည်းဆာအချိန် ဧရာဝတီ မြစ်နှင့် တန့်ကြည့်တောင်၏ တောင်စဉ်တောင်တန်းများအလှသည် ပန်းချီကားတစ်ချပ်သဖွယ် ခရီးသွား ဧည့်သည် များအား ဆွဲဆောင်လျက်ရှိသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

ဖေလိန်း(ပုဂံ)