မော်လမြိုင် ဇူလိုင် ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ဒေါက်တာလှဘေပညာပါရမီစာကြည့်တိုက်ရှိ စာအုပ်စာစောင်များထားရှိမှု၊ စာပေလေ့လာဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ စာကြည့်တိုက်အတွင်း လေဝင်လေထွက်ကောင်းမွန်မှု စာဖတ်စားပွဲနှင့် ပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှု အခြေအနေများကို ကြည့်ရှုပြီး ဒေါက်တာလှဘေပညာပါရမီ စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် စာဖတ်ချိန်အတွင်း စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ စာကြည့်တိုက်လုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းကိစ္စများ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော လှူဒါန်းငွေကျပ် ၁၀ သိန်းနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ လှိုင်ရပ်ကွက် သုတရောင်ခြည်စာကြည့်တိုက်နှင့် ထန်းပင်တန်းရပ်ကွက် စေတနာ့မီးအိမ် စာကြည့်တိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှု၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့သည်။
ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း သုတရတနာစာကြည့်တိုက်အား လှည့်လည်ကြည့်ရှု၍ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တစ်ဦးနှင့် တစ်ဦးချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်များ ရရှိလာစေရန်၊စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်ရည်ရွယ်ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူလေးများ၏ စာပေစကားဝိုင်းဆွေးနွေးနေမှုအား ကြည့်ရှုအားပေးကာ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)