တာချီလိတ် ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း နောက်ဆက်တွဲဆိုးကျိုးများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်သန်းက စာပေများဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကောင်းသက်နိုင်က ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး လိုအပ်ပုံ၊ ရာသီဥတုပြောင်းလဲရခြင်းတွင် သဘာဝအရပြောင်းလဲခြင်းနှင့် လူသားတို့၏ အမူအကျင့်များကြောင့် ပြောင်းလဲခြင်း စသည့်အကြောင်းရင်းများ၊ ကမ္ဘာမြေကြီးအားထိန်းသိမ်းရန် ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်မည့်နည်းလမ်းများအား အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ယင်းနောက်မှာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်