တံတားဦး ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ဆင်ကျုံးကျေးရွာရှိ စန္ဒာပုရိရေတံခါးမှ မြစ်ရေများသည် ဟံသာဝတီကျေးရွာအတွင်း ရေဝင်ရောက်မှုမရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများမှ အဆိုပါရေတံခါးအား လဲအိတ်များဖြင့် ပိတ်ဆို့နေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြသည်။
ဆက်လက်၍ တံတားဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် တံတားဦးမြို့နယ် လက်ဆောင်ယူကျေးရွာနှင့် ဥယျာဉ်ကျေးရွာတို့တွင်ရေဝင်ရောက်၍ ရေလွတ်ရာ ကုန်းမြင့်ဒေသဖြစ်သော ကူတိုးဆိပ်ကျေးရွာ ဥုပ္ပုံဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွေ့နေထိုင်ကြသည် ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူများအား ကျန်းမာရေးကို အထူးဂရုပြုနေထိုင်ကြရန်လိုကြောင်း၊ သန့်ရှင်းသောသောက်သုံးရေကို ကြိုချက်၍ သောက်သုံးရန်လိုကြောင်းနှင့် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းအောင် ရေထိုင်ရန်လိုကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူများသည် ကျန်းမာရေးဌာနမှ ဖွင့်လှစ်သော ရေဘေးရှောင်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုသွားရောက်ကြည့်ရှုကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ရှင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို လမ်းညွှန်မှုပြုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)