နေပြည်တော် ဇူလိုင် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်၊ ထက်မြက်စွာ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဥတ္တရခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများက ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာရေးသားနည်း၊ စာပေးစာယူ၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ လုပ်ငန်းမှတ်တမ်းရေးသားခြင်းနှင့် လုပ်ငန်းစီမံချက်ရေးသားခြင်းအကြောင်းတို့ကို သင်တန်းသူ/သင်တန်းသားများအား ဇူလိုင်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်အတွင်းရှိ အမှုထမ်းဝန်ထမ်းများ တက်ရောက်ခဲ့ကြကာ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)