ကချင်ပြည်နယ်ဝန်ကြီးချုပ် စီတာပူရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးပြီး စားသောက်ကုန်များ ထောက်ပံ့

မြစ်ကြီးနား ဇူလိုင် ၉

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ စံချိန်တင်မြစ်ရေ ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေသင့်ပြည်သူများအား ရေ‌‌ဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ (၃) နာရီက စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်စခန်း၌ သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

ထိုသို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဆွတ်ငိုင်တောင်စခန်းသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ရေသည် စံချိန်တင် မြင့်တက်ခြင်းဖြစ်သည့်အတွက် မြို့ဧရိယာတော်တော်များများ ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ သို့သော်လည်း အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးနှင့် လူ့အသက်ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ယနေ့ရေဘေးဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ ကျန်းမာရေးနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရမည့် လုပ်ငန်းဆောင်တာများ ကျန်ရှိနေသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ကြရန်လိုကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်းရှိ အိမ်ထောင်စု (၇၇)စု၊ လူဦးရေ (၄၀၀) ဦးတို့အတွက် တန်ဖိုးငွေကျပ် (၇၅၇၅၀၀၀)တန်ဖိုးရှိ ဆန်အိတ် (၇၇)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၇၇)ဖာနှင့် ငါးသေတ္တာ(၂)ဖာတို့ကို ထောက်ပံ့ပေးအပ်ရာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စခန်းအတွင်း လတ်တလော နေထိုင်စားသောက်ရာတွင် လိုအပ်ချက် များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စခန်းအတွင်းရှိ မိသားစုများနှင့် ကလေးငယ်များအား မုန့်များ ကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

အဆိုပါ ရေကြီးမှုဖြစ်စဉ်သည် ဇွန် ၃၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် (၁၂၀၀) စင်တီမီတာရှိသည့် အနက် (၁၄၀၆) စင်တီမီတာထိ စံချိန်တင်မြင့်တက်ခဲ့သဖြင့် မြို့ပေါ် ရပ်ကွက်ပေါင်း (၂၈) ရပ်ကွက်ရှိသည့်အနက် ရပ်ကွက် (၃)ခုလောက်သာ ရေဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများအား မြို့ပေါ်ရှိ ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများ စသည့် အဆောက်အအုံများတွင် ရေဘေးရှောင်စခန်း ပေါင်း (၃၄)ခုထိ ဖွင့်လှစ်ထားခဲ့ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စာရင်းဇယားများအရ ယမန်နေ့ကထိ ရေဘေးရှောင်စခန်း (၂၁)ခန်းသာ ကျန်ရှိတော့ကြောင်းနှင့် အလားတူ ကချင်ပြည်နယ်အတွင်း ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့နယ်များတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)