မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပ

မိုင်းစံ ဇူလိုင် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အကြောင်းသိကောင်းစရာများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား တိုင်းပြည်အပေါ်စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့ကြသည့်အာဇာနည်တို့ ဂုဏ်ရည်ကိုလေးစားမြတ်နိုးတတ်စေရန်၊ အာဇာနည်ကြီးများ၏ အထ္ထုပ္ပတ္တိအကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အ‌ကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်အကြောင်းများကို အစဉ်အမြဲအောက်မေ့သတိရ‌စေရန်နှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင်လဲ ကျောင်းသား၊ ကျောင်းသူလေးများအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျာင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅) ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး စုစုပေါင်း ပြိုင်ပွဲဝင် ကျောင်းသား‌၊ ကျောင်းသူ(၂ဝ)ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ယှဉ်ပြိုင်ခဲ့ရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသည့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအားကျောင်းစာအပြင် ဗဟုသုတများတိုးပွားစေရေးအတွက် တိုင်းပြည်အပေါ်စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသည့် အာဇာနည်ကိုးဦး၏ အမှတ်တရပုံရိပ်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)