ကျိုင်းတုံမြို့၌ လားဟူတိုင်းရင်းသားရိုးရာ လွယ်အိတ်ချုပ်သင်တန်းဖွင့်

ကျိုင်းတုံ ဇူလိုင် ၉

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးကျင်းပသည့် လားဟူရိုးရာလွယ်အိတ်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူစာပေနှင့် ယဉ်ကျေးမှုအသင်းချုပ်ရုံးတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ပြည်နယ်တာဝန်ခံ ဦးချစ်ဇော်လင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ပစ္စည်းများကို  ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းသူများအား ပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်မှတ်နှင့် ပညာရှင်ချီးမြှင့်စရိတ်များပေးအပ်သည်။  အဆိုပါသင်တန်းသို့ သင်တန်းသူ ၂၀ ဦး တက်ရောက်ပြီး ဇူလိုင် ၉ ရက်မှ ဩဂုတ် ၉ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့‌‌နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်းရှိပြခန်းများတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုူအဖွဲ့ ၁၃ ဖွဲ့၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုဓလေ့အသုံးအ‌ဆောင်ပစ္စည်းများ ထားရှိခင်းကျင်းပြသနိုင်ရေးနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)