ပန်းဘဲတန်း ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေဘုံသာလမ်း၊ ကမ်းနားလမ်းနှင့် ကုန်သည်လမ်းတလျှောက်တွင် ယမန်နေ့ ညနေပိုင်းက လတ်တလောဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကူးစက်မှုမြန်ဆန်သည့်အတွက် ဖြစ်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပေးခြင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်နှင့် စျေးသည်များမှ အစားအစာများ သန့်ရှင်းစွာရောင်းချရန်အတွက် အသံချက်စက်ဖြင့် အသိပညာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးပိုစတာများကပ်ခြင်း၊ လူစည်ကားရာနေရာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အချက်များပါဝင်သည့် အသိပညာရေးဗီနိုင်းများ ချိတ်ဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးထက်အောင်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မင်းသူနှင့်အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်မာမာသန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဥမ္မာကျော်