သန်လျင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး

ရန်ကုန် ဇူလိုင် ၉

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်တွင် သန်လျင်မြို့ မြို့မစျေးကြီးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အများသုံးသန့်စင်ခန်းအိမ်သာများတွင် ယင်မနားစေရန်ဆေးဖျန်းခြင်း၊ လက်ဆေးဘေစဥ်များတွင် ဆပ်ပြာနှင့် သန့်ရှင်းသောရေထားရှိနိုင်ရေးဆောင်ရွက်ကြသည်။

ယင်းနောက် သန်လျင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာစျေး၊ ဘုရားကုန်းစျေး၊ တာဝစျေး၊ ထမလုံစျေးများ၊ ရိပ်သာများ၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူစည်ကားရာနေရာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ရေသန့်၊ ဆပ်ပြာပေးဝေခြင်း၊ ရေကန်နှင့် အိပ်သာများ ဆေးခပ်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)