ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မိုးရာသီတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၈၉) ရပ်ကွက်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်မှ လတ်တလောဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသော အကြောင်းရင်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့ပြီး လူစုလူဝေးများသော ကျောင်းများ၊ ဈေးများ၊ စက်ရုံအလုပ်ရုံများအား အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများတွေ့ရှိပါက မြို့နယ်ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ မိုးရာသီကာလတွင် အဖြစ်များနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)