လှည်းကူး ဇူလိုင် ၉ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက (ဆင်းသုခ) မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို လက်ပန်ကျေးရွာ ကွင်းအမှတ် (၁၀၅၂-B)၊ ဦးပိုင်အမှတ် (၉၄/က) တောင်သူဦးလှငွေ၏ လယ်မြေ (၅.၉၂) ဧကပေါ်တွင် ကျင်းပပြုလုပ်သည်။
မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်က မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့်နည်းစနစ်များကို တောင်သူများအား အသိပညာပေးဟောပြောဆွေးနွေးသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက တောင်သူဦးလှငွေ၏ လယ်မြေ (၅.၉၂) ဧက ပေါ်တွင် (ဆင်းသုခမျိုး) မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပြသပေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)