မိတ္ထီလာခရိုင်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်ရာတွင် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် စက်ရေတွင်းတူးဖော်ခြင်းနှင့် ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် စက်ရေတွင်း တူးဖော်ခြင်းနှင့် ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိတ္ထီလာခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ၊ အင်ဂျင်နီယာများ  သိသင့်သိထိုက်သော လုပ်ငန်းပိုင်းဆိုင်ရာနှင့် ရုံးလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင် တက်မြောက်၍ ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေးလုပ်ငန်းများ၊ စီးပွားရေးထိခိုက်မှု ကုစားရေးအစီအစဉ်အရ ဆောင်ရွက်သော VRFP နှင့် Cash For Work လုပ်ငန်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်ကုန်ထုတ်လမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစသည့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်ရာတွင် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြများဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆွေ(ငြိမ်း)နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ရှိန်(ငြိမ်း)တို့က သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသားသင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းကို ဇူလိုင်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ရန် အကြိုကွင်းဆင်းခြင်း၊ ရေအရင်းအမြစ်နှင့် ရေရရှိနိုင်မည့်နည်းလမ်း၊ စက်ရေတွင်းသစ်တူးဖော်ခြင်း၊ ရေထွက်နှုန်းစမ်းသပ်ခြင်း၊ ရေသန့်စင်ခြင်းနည်းစနစ်များ၊ ရေဖြန့်ဝေခြင်း နည်းစနစ်များ၊ စက်ရေတွင်းဟောင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ အသုံးပြုမည့်  Pump အမျိုးအစား ရွေးခြယ်ခြင်း၊ ဆိုလာရေတင်ပန့် ရွေးချယ်ခြင်းနှင့် တွက်ချက်နည်း၊ တွင်းတူးဖော်နည်းစနစ် စသည့် ဘာသာရပ်များအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)