အမျိုးသမီးများကျန်းမာရေးဆိုင်ရာ သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း ဟောပြောပွဲ ကျင်းပ

မန္တလေး ဇူလိုင် ၉

အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိစေရန်၊ သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်ရန်၊ သားအိမ်ခေါင်းကင်ဆာလက္ခဏာများ ကြိုတင်သိရှိနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီ၌ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သားအိမ်ခေါင်းကင်ဆာလက္ခဏာများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်မျိုးလွင်က ကြိုတင်ကာကွယ်ဆေးကုသပေးနေသည့် အကြောင်းအရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ဝင်းကြည်က သားအိမ်ခေါင်းကင်ဆာကာကွယ်နည်းများကို အသီးသီးဟောပြောကြပါသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပြည်ကြီးတံခွန်အမျိုးသမီးရေးရာအဖွဲ့ဝင်နှင့် မိခင်နှင့်ကလေးအသင်းဝင် စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ကြောင်း သိရသည်။

မြင့်မြင့်သန်း (ပြန်/ဆက်)