မိုင်းကိုင် ဇူလိုင် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး အလျားခုန်၊ တန်းမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်၊ မီတာ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ အပြေးပြိုင်စသည့် ပြေး၊ ခုန်၊ ပစ် အားကစားနည်း (၉) မျိုးတို့ကို ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် မြို့ပေါ်အခြေခံပညာကျောင်း (၈)ကျောင်း မှ ကျောင်းသားကျောင်းသူ (၁၅၀) ဦးတို့က လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားနည်းအလိုက် ဆုရသော ကျောင်းသား ကျောင်းသူများကို ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် မြို့နယ်မိုးလုံလေလုံ အားကစားရုံ၌ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)