ပျော်ဘွယ် ဇူလိုင် ၉
မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း(၁၅၀)ဖြင့် ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦးအသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီက စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်သည်။
မင်္ဂလာအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်၊ အဖွဲ့ဝင် ဦးခင်မောင်ညွန့်၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များက သတ်မှတ်နေရာများ၌ ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များတွင် ကျေးရွာစာကြည့်တိုက်များအား ဖွင့်လှစ်ပေးလျက်ရှိရာ ပျော်ဘွယ်မြို့နယ်အနေဖြင့် ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာတွင် အလျား(၂၄)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၃)ပေရှိ (Steel Structure Brick Nogging Building) ကျေးရွာစာကြည့်တိုက်ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)