ရန်ကုန် ဇူလိုင် ၉
သန်လျင်ခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ခရိုင်အတွင်းရောဂါဖြစ်ပွားမှုမဖြစ်စေရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပရိယတ္တိစာသင်တိုက်များ၊ ရိပ်သာများအား အထူးအလေးထားဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နာက် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာချောနဒ္ဒီနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ကုသရေးနှင့်အသိပညာပေးလုပ်ငန်း၊ ရပ်ကွက်ကျေးရွာများအတွင်း ကွင်းဆင်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဥ်များအား ဆွေးနွေးညှိနှိုင်းကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)