မရမ်းကုန်း ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပက်သက်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ပြည်သူများသို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် နိူးဆော်ဆောင်ရွက်သွားရန်၊ ကျန်းမာရေးဝန်ထမ်းများမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဝိုင်းဝန်း၍ စုပေါင်းကာကွယ်ဆောင်ရွက်သွားရန်၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းတိုက်များ စသည့်တို့ကို အသိပညာပေးများ ဆောင်ရွက်ရန်ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဦးရန်နိုင်ရှိန်းက ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ရန် ယင်နားစားများ မစားကြရန်၊ ရေကောင်းရေသန့် သောက်သုံးရေများ သောက်သုံးရန်၊ အစားအသောက်များကို ယင်မနားစေအောင် ဖုံးအုပ်ထားရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ရန်၊ ဝမ်းအကြိမ်ရေများစွာသွားပါက သက်ဆိုင်ရာဆေးရုံသို့ သွားရောက်ကုသရန်ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဟန်ထွန်းဇော်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်နိုင်ရန် ပြည်သူများနှင့် အခြေခံပညာကျောင်းများရှိ ကလေးငယ်များကို ကျန်းမာရေးဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိအဖွဲ့ဝင်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)