ကျောက်ဆည် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက ကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၆၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၆)ကျောင်းမှ ရှင်သာမဏေ(၅၀၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါဝိနည်းစာမေးပွဲကို ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်ကြီးများကြီးမှူးပြီး ပဓာနဝန်ဆောင်ဆရာတော်ကြီးများအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စာမေးပွဲတွင် မူလအဆင့်တွင်(၂၄၉)ပါး၊ ပထမအဆင့်တွင် (၁၇၀)ပါး၊ ဒုတိယအဆင့်တွင် (၄၁)ပါး၊ တတိယအဆင်တွင်(၁၈)ပါး၊ စတုတ္ထအဆင့်တွင်(၆)ပါး၊ ပဉ္စမအဆင့်တွင်(၆)ပါး၊ ဆဌမအဆင့် တွင်(၄)ပါး၊ သတ္တမအဆင့်တွင်(၃)ပါး၊ အဌမအဆင့်တွင်(၃)ပါး၊ နဝမအဆင့်တွင်(၂)ပါး စုစုပေါင်း(၅၀၂)ပါးဝင်ရောက် ဖြေဆိုခဲ့ကြပြီး စာမေး ပွဲဖြေဆိုရာတွင် ရာသက်ပန်ဆွမ်းအလှူရှင် ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်မှ ဦးညီညီနိုင်+ဒေါ်ခိုင်ဆွေသန့်(ရှင်းမျက်မှန်)မိသားစုမှ နေ့ဆွမ်း၊အချိုပွဲများ၊ ပေါက်တောရပ်ကွက်မှ ဦးမျိုးမင်းထက်အောင်+ဒေါ်ဥမ္မာကျော်၊ တောင်နံ့သာ မြို့ပြကွက်သစ်မှ ဦးနေမျိုးညွှန့်+ဒေါ်ပပလေးမြိုင် မိသားစုမှ ရေသန့်နှင့်အချိုရည်များ ဆက်ကပ်ခဲ့ကြေင်း သိရသည်။
မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲတွင်အောင်မြင့်သည့် ရှင်သာမဏေစာရင်းများကို မြို့နယ်သံဃနာယကအဖွဲရုံး၌ အောင်စာရင်းများထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး သီရိသာသနာ့ဓမ္မာရုံ၌ စာအောင်လက်မှတ်များနှင့် ဝတ္ထုငွေများ ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)