လဲချား ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အားကစားကွင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေရေး၊ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လဲချားမြို့နယ် မီးသတ်ဦးစီးမှူး ဦးမိုးဝင်းထွန်းနှင့်တပ်ဖွဲ့ဝင်များက ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ရှာဖွေစုဆောင်းထားရှိရေး၊ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အလေးထားဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကယ်ဆယ်ရေးပစ္စည်းအသုံးပြုပုံများအား လက်တွေ့သရုပ်ပြသခြင်း၊ ကြက်ခြေနီအဖွဲ့ဝင်များမှ အရေးပေါ်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်းများအား သရုပ်ပြသခဲ့သည်။
ဆက်လက်၍ လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားကြည့်ရှုကာ အန္တရာယ်များကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအားလုံး ချိတ်ဆက်ကူညီပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းနှင့် အဆိုပါသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)