မုဒုံမြို့၌ ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်နှင့် စစ်ဆေးအကဲဖြတ်ခြင်းသင်တန်းဆင်းပွဲကျင်းပ

မုဒုံ ဇူလိုင် ၉

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းသားများမှ ယခုတတ်မြောက်သည့်ပညာရပ်များကို ဆက်လက်လေ့ကျင့်ဆောင်ရွက်ကြရန်နှင့် ရော်ဘာခြံရှင်အစုအဖွဲ့များသို့ ပြန်လည်သင်ကြားပို့ချပေးကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ရော်ဘာပညာရှင် ဆရာကြီးဦးဝင်းတင်မှ အစေးခြစ်နည်းပညာကို ဓားဦးထိုး၍ ဓားစာ တစ်မီလီမီတာထူသော အစေးကြောအများဆုံးရောက်နိုင်သည့်နေရာကို အခေါက်မပေါက်စေ၍ ခြစ်ရသည့်နည်းပညာဖြစ်ကြောင်းနှင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ဆုရရှိသည့်သင်တန်းသားများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းကို (၁၅)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုမှ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)