ပြင်ဦးလွင် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)က ကြီးမှူး၍ ကျောင်းပေါင်းစုံဗဟုသုတအကဲစမ်းပြိုင်ပွဲနှင့် ယုံတမ်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြိုင်ပွဲတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူဆရာ/ဆရာမများ စုံလင်စွာတက်ရောက်သည်။
အဆိုပါ ဗဟုသုတအကဲစမ်းပြိုင်ပွဲတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်ကျောင်းတစ်ကျောင်းလျှင် ကျောင်းသား/သူ သုံးဦးစီဖြင့် စုစုပေါင်းကျောင်း (၁၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ယုံတမ်းစကားပြောပြိုင်ပွဲတွင် သက်ဆိုင်ရာကျောင်းကိုယ်စားပြုတစ်ကျောင်းလျှင် အဖွဲ့ဝင် ငါးဦးမှ ခုနှစ်ဦးအထိ သတ်မှတ်ကာ စုစုပေါင်းကျောင်းရှစ်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းပေါင်းစုံ ဗဟုသုတအကဲစမ်းပြိုင်ပွဲနှင့် ယုံတမ်းစကားပြောပြိုင်ပွဲကို (၈.၇.၂၀၂၄) မှ (၁၀.၇.၂၀၂၄) ရက်နေ့အထိ အုပ်စုပွဲစဉ်များ၊ အကြိုဗိုလ်လုပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်မည်ဖြစ်ပြီး ထူးချွန်ဆုရရှိသူများကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အသင်း၏ နှစ်ပတ်လည်သင်းလုံးကျွတ်ညီလာခံကျင်းပမည့် (၄.၈.၂၀၂၄) ရက်နေ့တွင် ဆုများအသီးသီးချီးမြှင့်မည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း( YMBA )အသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သွေးသွေး (ခရိုင်ပြန်/ဆက်)