မက်မန်း ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ဒေသခံကြက်မွေးမြူရေးလုပ်ကိုင်နေကြသူများအနေဖြင့် မိရိုးဖလာကြက်မွေးမြူရာ၌ ခြံစနစ်ဖြင့်မွေးမြူနိုင်ရေး ပညာပေးကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမှူးလိန်နေအိမ်တွင် မိရိုးဖလာကြက်များကို လွတ်၍အစာရှာခြင်း၊ ကြက်များအနေဖြင့်အိပ်ချိန်၌အလျဉ်းသင့်သလို နေအိမ်ခေါင်မိုးများ၊ သစ်ပင်များ၌မွေးမြူခဲ့ရာမှ ကြက်များအိပ်ချိန်၊ အစာစားချိန်များတွင်ခြံအတွင်း အိပ်ခြင်း၊ အစာစားခြင်းများဆောင်ရွက်နိုင်ရန် ခြံစနစ်ဖြင့်မွေးမြူနိုင်ရေးပညာပေးခြင်းကို မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာမောင်ဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့သည်။
“ကြက်များကိုနေ့အချိန်၌ လွတ်လပ်စွာအစာရှာထွက်နိုင်ခြင်း၊ ကြက်များအတွက်ခြံအတွင်းသွင်း၍ စနစ်တကျအစာကျွေးနိုင်ခြင်း၊ ရာသီဥတုဒဏ်ကာကွယ်နိုင်ခြင်း၊ ရောဂါကာကွယ်နိုင်ခြင်း၊ ကြက်များကို တစ်စုတစ်စည်းတည်း ကာကွယ်ဆေးများထိုးနိုင်ခြင်းကြောင့် ကြက်များအသေအပျောက်နည်းသောကြောင့် ခြံစနစ်ဖြင့်မွေးမြူခြင်းသည် အကျိုးကျေးဇူးများစွာရရှိကြောင်း” ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)