မက်မန်း ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား နိုင်ငံတော်အစိုးရက စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမှီးစွာ ထားရှိပေးနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းရာတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် ဝန်ထမ်းများ၊ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များက အောင်သံလွင်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်သစ်မြေနေရာရရှိရေး ကွင်းဆင်းကြည့်ရှုခဲ့ရာ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား အများပြည်သူ အလွယ်တကူ ဝင်/ထွက်သွားလာနိုင်မည့် မြေနေရာဖြစ်စေရေး၊ အဆောက်အအုံရေရှည်တည်တံ့ခိုင်မြဲရေး၊ ကျေးရွာသူကျေးရွာသားများအတွက် ပညာရှာမှီးရာတွင် အထောက်အပံ့ဖြစ်စေရေးတို့အတွက် အချက်အချာကျသည့် မြေနေရာရရှိနိုင်ရေးအတွက် ရှေးပြေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နိုင်ရေးအတွက် အောင်သံလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျလားက မြေနေရာရရှိမှုအခြေအနေအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)