မောက်မယ် ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက် ၇ နာရီမှစ၍ မွေတော်ရပ်ကွက်အတွင်း တောင်ကျောင်းတော် ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက မွေတော်ရပ်ကွက်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးသူငယ်များအား ပေါင်ချိန်ပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်း ရေးစစ်ဆေးပေးခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဝမ်းပိုက်ကျန်းမာရေးများစစ်ဆေးပေးခြင်း ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကလေးသူငယ်များ၏မိဘများအား ယခုမိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာကြားခြင်း၊ ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ခြင်များမပေါက်ဖွားစေရန်အတွက် နေအိမ်နှင့်ပတ်ဝန်းကျင်အတွင်း ပြုလုပ်ရမည့်နည်းလမ်းများ၊ မိုးရာသီတွင်အဖြစ်များသော ဝမ်းကိုက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန် စားသောက်နေထိုင်ရမည့်နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)