တပ်ကုန်း ဇူလိုင် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုယဉ်ကျေးလိမ္မာစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့ သည်။
ဦးစွာ ရွေးစုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ ရွေးစုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်စိန်၊ မူလတန်းပြဆရာ ဦးဝေယံဖြိုးတို့က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ လူငယ်နှင့်လိမ္မာရေး၊ လူငယ်နှင့်ဂါရဝတရား၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြပြီး၊ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဟောပြောကြသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ယဉ်ကျေးမှုနှင့်ပတ်သက်သည့် စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်