နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေး တွေ့ဆုံပွဲနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအခြေခံအထက်တန်းကျောင်း ကျောင်းသားဦးရေ ပြည့်မီရေး၊ မြို့နယ်အတွင်း သီးနှံစုံဒိုင် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နွေစပါးနောက်ဆုံးရိတ်သိမ်းမှုအခြေအနေ၊ မိုးစပါးစိုက်ဧကပြည့်မီရေး၊ ရာသီအလိုက် သီးနှံစုံပန်းတိုင် အထွက်နှုန်းပြည်မီရေး၊ မွေးမြူရေးအားနည်းနေသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များပြားရေး၊ မြို့နယ်အတွင်း ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ဆည်များမှ မိုးစပါးစိုက်ပျိုးရေ ဆောင်ရွက်နေမှုအခြေအနေ၊ မိုးသီးနှံ ရာထားဧကနှင့် စိုက်ပျိုးထားရှိမှုအခြေအနေများအား တင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဓမ္မာရုံတွင် ကျောင်းအုပ်ဆရာမကြီးနှင့် Grade- 10၊ Grade- 11 ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား  တွေ့ဆုံ၍  ကျေးချောင်းကျေးရွာအုပ်စု၊ သော်တာကျေးရွာ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သော အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(MRTV)၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး၊ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူစာရင်းများ ကောက်ယူရေး၊ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းပြောကြားပြီး စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း သင်ကြားပေးမှုအခြေအနေ Video Clip ပြသခဲ့ပြီးနောက်  စိုက်ပျိုးရေးဘာသာရပ်သင်ဆရာမ ဒေါ်သီတာအေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာကောင်းစိုးစံ၊ မွေးမြူရေးဘာသာရပ်သင်ဆရာ ဒေါက်တာ ထွန်းလင်းပိုင်တို့က စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားပေးမှုအခြေအနေအား ရှင်းလင်းဆွေးနွေး၍လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(MRTV)ကျောင်းတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ရေး၊ နေထိုင်ရေးနှင့် ကြို/ပို့ရေး လုပ်ငန်းစဉ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်အဖွဲ့သည် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  မြို့နယ်အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြို့နယ်ပွဲရုံနှင့် ကုန်စည်ဒိုင်ကော်မတီဥက္ကဋ္ဌ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ဆန်၊ ဆီစက်လုပ်ငန်းရှင်များအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် တွေ့ဆုံကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဆန်စပါးရှားပါးသည့်ကျေးရွာများတွင် ဆန်များ ရောင်းချပေးရန်၊ မြို့နယ်အစွန်အဖျားတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများအား ဆန်နှင့် ဆီများရောင်းချပေးရန်၊ အခွန်ထမ်းဆောင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် လုပ်ငန်းရှင်များက မိမိတို့၏ လုပ်ငန်းအရောင်းအဝယ်များ၊ ဘဏ်များမှ ငွေထုတ်ယူမှုအခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

တင်စိုးလွင်