နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၉

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်မြို့၊ ရွာများအလိုက်လမ်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး၊ စေတီပုထိုးများအမြင်တင့်တယ်စေရေး၊ ဆေးရုံများသန့်ရှင်းသာယာလှပပြီး ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့ကို အမြဲမပြတ်ဆောင်ရွက်နေကြရမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းသာယာလှပစိုပြည်ရေးအတွက် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ သတ်မှတ်အရေအတွက်အတိုင်း တက်ရောက်ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်ကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အဓိကသီးနှံ ၁၀ မျိုးကို ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် မျိုးများကောင်းမွန်ရေး၊ မြေပြုပြင်ခြင်းနှင့်သွင်းအားစုများ မှန်မှန်ကန်ကန်ထည့်သွင်းရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေးစသောအချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများနှင့်ချည်မျှင်ဝါသီးနှံများကို လျာထားဧကထက်ကျော်လွန်အောင် စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ တစ်နှစ် လျှင် သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ်များစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျသုံးစွဲနိုင်ရေး တောင်သူပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် အဆင့်မြင့်လယ်ယာမြေ များတွင် စက်စွမ်းအားပြည့်စံပြစိုက်ပျိုးပြီးတောင်သူများ တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင် ရေးကို စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာစနစ်အတိုင်း မွေးမြူခြင်းထက် နည်းစနစ်တကျမွေးမြူဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို တိရစ္ဆာန်အစာအဖြစ်အသုံးပြု၍ စနစ်တကျမွေးမြူဆောင်ရွက်ကြစေလိုကြောင်း၊ GDP တိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍများကိုတိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေး၊ လမ်းများရေရှည်တည်တံ့ကောင်းမွန်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်အသစ်များ အမြန်ဆုံးထူထောင်နိုင်ရေးအတွက်ကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူတစ်ဦးချင်းစီ၏ ဝင်ငွေများတိုးတက်ရရှိစေမည့် အခြေခံကျသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ တိုးတက်ရရှိရေး၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ရပ်ကွက်/ကျေးရွာများလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)