လယ်ဝေးမြို့နယ်အတွင်း စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာများအား ပန္နက်တင်ခြင်းအခမ်းအနား ကျင်းပ

လယ်ဝေး ဇွန် ၉

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ် သိန်း (၁၅၀)ဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ၌ စာကြည့်တိုက်အဆောက်အဦးအသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာများ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်္ဂလာအချိန်၌ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက သဲကောကြီးကျေးရွာ၊ ပျံချီကျေးရွာနှင့် ပန်းတင်ကျေးရွာတို့ရှိ စာကြည့်တိုက်ဆောက်လုပ်မည့် သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တော်တင်ကြသည်။

နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းတမီထားရှိပေးနိုင်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံများကို လိုအပ်နေသောနေရာများတွင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)