မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်း ဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၈

ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာကြီးချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အောင်မြင်ခြင်းရဲ့အုတ်မြစ်စာအုပ်သည် စွမ်းဆောင်နိုင်သူများအတွက် တာဝန်ရှိသူတာဝန်ယူသူဖြစ်အောင် အားဖြည့်ပေးသည့် စိတ်ခွန်အားပေးသော စာအုပ်ဖြစ်ကြောင်း အခန်းပေါင်း(၁၃)ခန်းပါဝင်ကြောင်းနှင့် ပညာကို မြတ်နိုးတတ်သောခေါင်းစဥ်ဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးအောင်ချိမ့်က လမ်းမှန်သိမြင်ခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် အသိဥာဏ်ကင်းမဲ့သည့် ပညာဥာဏ်ခေါင်းပါးသည့် မိုက်မှားစွာ ညီညွတ်နေသည့် ဒီမိုကရေစီခေတ်ကြီးမျိုးကို မည်သူမျှလိုလားမည်မဟုက်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်သော ဥာဏ်ပညာရှိသော ဒီမိုကရေစီခေတ်ကြီးကို လိုလားမျှော်မှန်းကြရမည်သာဖြစ်သည်ဟု ပြောကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြမြဝင်း(ပြန်/ဆက်)