ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဈေးများအတွင်း အသိပေးနှိုးဆော်မှုများဆောင်ရွက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မိုးရာသီတွင်ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၉၄)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်မှ လတ်တလောဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသောအကြောင်းရင်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လူစုလူဝေးများသော ကျောင်းများ၊ ဈေးများ၊ စက်ရုံအလုပ်ရုံများအား အထူးဂရုပြုကြရန် ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်မှ ရောဂါလက္ခဏာများတွေ့ရှိပါက မြို့နယ်ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် ထပ်မံမှာကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၈၈၊ ၉၀၊ ၉၄၊ ၆၀၊ ၆၁၊ ၆၇) ရပ်ကွက်ဈေးများရှိ အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အသား၊ ငါးရောင်းချနေမှုများအား ကျန်းမာရေးနှင့်ညီညွတ်အောင် စနစ်တကျရောင်းချကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)