သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

သံဖြူဇရပ် ဇူလိုင် ၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သည့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့်သင်တန်းကိုတက်ရောက်ခဲ့ကြသည့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာကြည့်တိုက်တာဝန်ခံဆရာဆရာမများနှင့် ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်တာဝန်ခံများအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဆွေးနွေးမှုများအပေါ် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ကြစေရေး အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးသိန်းထွန်းက အခြေခံပညာကျောင်းစာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်မှသာလျှင် အနာဂတ်နိုင်ငံတော်ကိုကောင်းမွန်စွာဖော်ဆောင်ပေးမည့် ကျောင်းသားကျောင်းသူများ များစွာအကျိုးရှိနိုင်မည်ဖြစ်ရာ ယခုသင်တန်းတက်ရောက်လာကြသည့်ဆရာဆရာမများအနေဖြင့် ကျောင်းစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်စေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်ဦးစီးအရာရှိဒေါ်အေးအေးသီနှင့် ဒုတိယဦးစီးမှူးဒေါ်သင်းသင်းမော်တို့က စာကြည့်တိုက်၏အဓိပ္ပါယ်၊ စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းများ၊ စာကြည့်တိုက်ရှိ စာအုပ်များပြုစုထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်းများကို စာတွေ့လက်တွေ့သင်ကြားပြသပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်နှင့် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို တက်ရောက်လာကြသည့်သင်တန်းသား သင်တန်းသူဆရာဆရာမများမှ စုဖွဲ့ဆွေးနွေးခဲ့ကြသည်။

အဆိုပါသင်တန်းကိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများမှ စာကြည့်တိုက်တာဝန်ခံ ဆရာ/ဆရာမ ၄၀ ဦးနှင့် ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်တာဝန်ခံ ၁၀ ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇူလိုင် ၈ ရက်နေ့မှ ၉ ရက်နေ့ထိ ၂ ရက်တာလ နေ့စဥ်နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)