ကျောက်ဖြူမြို့၌ မိုးရာသီအားကစားပြိုင်ပွဲ အသက်(၂၀)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်

ကျောက်ဖြူ  ဇူလိုင်  ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအားကစားပြိုင်ပွဲအသက်(၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဘောလုံးပွဲဝါသနာရှင်ပြည်သူများမှ တစ်ခဲနက်လာ‌ရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ တတိယနေရာလုပွဲအား စတင်ကျင်းပရာ Brother FC ဘောလုံးအသင်းနှင့် စေတီယျ FC(ခ) ဘောလုံးအသင်းတို့ တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး Brother FC ဘောလုံးအသင်းမှ စေတီယျ FC(ခ)ဘောလုံးအသင်းကို ငါးဂိုးလေးဂိုးဖြင့် အနိုင် ရကာ တတိယဆုရခဲ့သည်။ ထို့နောက် ပထမဗိုလ်လုပွဲအဖြစ် ငလပွေ့ FC ဘောလုံးအသင်းနှင့် Glory FC  ဘောလုံး အသင်းတို့သည်  ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ တစ်ဘက်နှစ်တစ်ဘက် အကြိတ်အနယ်ယှဉ်ပြိုင်ကစား ခဲ့ကြပြီး Glory FC  ဘောလုံးအသင်းမှ ငလပွေ့ FC ဘောလုံးအသင်းကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားအားကျင်းပရာ ပွဲစဉ်တစ်လျှောက် ဂိုးသမားအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် ကစားသမားအကောင်းဆုံးဆု၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုဖလားတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ်၊ မိုးရာသီအားကစားပြိုင်ပွဲ အသက်(၂၀)နှစ်အောက် အမျိုးသား ဖူဆယ် ဘောလုံး ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၁၈)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကာလမှာ ဇူလိုင်(၁)ရက် နေ့မှ (၇)ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာမြင့်ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)