လသာ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို လသာမြို့နယ်အတွင်းရှိ ဈေးများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးပျံကျဈေးများစသည့် ပြည်သူများသွားလာမှုများသောနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်ဦးဆောင်ကာပြည်သူများစုဝေးရာ သိမ်ကြီးဈေး၊ သံဈေးတို့တွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာစေရန် လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းစိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
နန်းသဲနုအောင်