သုံးခွမြို့၌ ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရန်နှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိကွင်းဆင်းစစ်​ဆေး

သုံးခွ    ဇူလိုင်    

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် အစားအသောက်များသန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး​ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများတွင် လိုက်လံဆောင်ရွက်ခဲ့ကြသည်။ 

ပထမဦးစွာ မြို့မဈေးကြီးအတွင်းရှိဈေးသည်များ ရောင်းချနေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိအောင် ရောင်းချရန်နှင့် ခြင်၊ ယင်များမနားစေရန်၊ လတ်ဆတ်သော အစားအသောက်များသာရောင်းချရန်၊ သန့်ရှင်းသောရေကိုသောက်သုံးရန်၊ လက်၊ အိမ်သာ သန့်ရှင်းစွာထားရှိရန် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်များအချက်များကို သိရှိလိုက်နာစေရန်အတွက် Hand Speaker များဖြင့် အသိ‌ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်းနှင့်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်