လွိုင်လင် ဇူလိုင် ၈
လွိုင်လင်မြို့၊ အ.ထ.က(၂) ကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်တို့ပူးပေါင်း၍ အသိပညာပေးဟောပြောကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးဖြိုးအေးမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် ဒုတိယရဲမှူးက လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက လူငယ်နှင့်လူမှုကွန်ယက်အသုံးပြုခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောကြသည်။ ဆက်လက်၍ အသိပညာပေးဟောပြောခြင်းအပေါ် ကျောင်းသား/သူများ၏ မှတ်သားမှုစွမ်းရည် စိစစ်ခြင်း၊ မေးမြန်းခြင်းနှင့် ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၁၅၀)ဦး တက်ရောက်ကြသည်။
လွိုင်လင်မိုး (ခရိုင်၊ ပြန်/ဆက်)