ဗန်းမော် ဇူလိုင် ၈
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ စာကြည့်တိုက်များကို အသုံးပြုတတ်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဇူလိုင်လ ၈ ရက် နံနက် (၉) နာရီခန့်က “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြသက်ဦးက “လူငယ်နှင့်ခေါင်းဆောင် မှုစိတ်ဓာတ်" ခေါင်းစဉ်ဖြင့် လူငယ်လူရွယ်များအနေဖြင့် စာကြည့်တိုက်များကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး(၅)မျိုးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး” အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ Grade- 9 ကျောင်းသား ကျောင်းသူများ ဖြစ်သည့် မောင်ကောင်းခန့်ဟိန်းက “မိမိကိုယ်ကို မယုံကြည်မှုတွေကို ရပ်တန့်လိုက်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သန့်သော်ဟိန်းက “တကိုယ်ကောင်းဆန်သည့်အကျင့်ကို ရပ်တန့်လိုက်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသဇင်သင်းက “ပျင်းရိ တတ်သည့်အကျင့်ကို ရပ်တန့်လိုက်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး ဦးစီးအရာရှိ ဒေါ်မြသက်ဦးက သုံးသပ်ဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)