ကျောက်ဆည်တက္ကသိုလ်၌ "TAXIDERMY" တိရစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာအနီးရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်၊ သတ္တဗေဒဌာနမှ ကြီးမှူးကျင်းပသော "TAXIDERMY" တိရစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ THEATRE  ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ရီရီဦး၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နီနီယဉ်၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းနှင့် ဆရာ/ဆရာမများ သံယဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန Htoo Zoo and Garden Business Unitsမှ သရေခွာရုပ်လုံးသွင်းပညာရှင် သင်တန်းနည်းပြဆရာ ဦးဘော်သန်းနှင့် ဆရာဦးမျိုးနိုင်၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက အဖွင့်အမှာစကားပြောကြားရာတွင်  သင်တန်းသား/သူများအနေဖြင့် သင်တန်း၌ပို့ချမည့် သင်ခန်းစာများကို ‌စိတ်ဝင်တစား လေ့လာသင်ယူကြပြီး လက်တွေ့အသုံးချနိုင်အောင် ‌အလေးထား မှတ်သားကြရန်စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။ ဆက်လက်၍ သတ္တဗေဒဌာနမှ ပါမေက္ခဌာနမှူး ဆရာမကြီး ဒေါက်တာ လဲ့လဲ့ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သံယဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာန Htoo Zoo and Garden Business Unitsမှ သရေခွာရုပ်လုံးသွင်းပညာရှင် သင်တန်းနည်းပြဆရာ ဦးဘော်သန်းက တိရစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာအကြောင်း သိကောင်းစရာများအကြောင်း  အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက်"TAXIDERMY" တိရိစ္ဆာန်ရုပ်လုံးသွင်း အတတ်ပညာသင်တန်းကို သင်တန်းနည်းပြဆရာ တိရစ္ဆာန်သ‌ရေခွာရုပ်လုံးသွင်း အတတ် ပညာရှင်များ ဖြစ်ကြသော ဆရာဦးဘော်သန်းနှင့် ဆရာ ဦးမျိုးနိုင်တို့က  လက်တွေ့စတင်သင်ကြားပို့ချခဲ့ရာ သင်တန်းသား/သူများက စိတ်ဝင်တစား လေ့လာသင်ယူခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းအား ၈-၇-၂၀၂၄မှ ၁၂-၇-၂၀၂၄ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအချိန်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)