ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးသူများ အဆင်ပြေ

ကျောက်ဆည် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထား လုပ်ကိုင်သော်လည်း တောင်သူအချို့နှင့်မွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသည့် ပြည်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် ဆိတ်များမွေးမြူထားရာ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆိတ်များသည် အခြားတိရိစ္ဆာန်များကဲ့သို့ အစားအစားအတွက် သီးသန့်ရှာဖွေရန်မလိုဘဲ၊ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လယ်ကွင်းအလွတ်များနှင့် ခြုံနွယ်သစ်ပင်များရှိသည့် နေရာများတွင် သဘာဝအတိုင်းလွှတ်ကြောင်းရုံဖြင့် အောင်မြင်ဖြစ်ထွန်းကြောင်း၊ ဆိတ်မတစ်ကောင်သည် သက်တမ်း (၁၃)လကျော်ပါက သားမွေးနိုင်သည့် အရွယ်ရောက်ရှိပြီး ဆိတ်များ စတင်မွေးဖွားကြောင်း၊ မွေးဖွားရာ တွင် (၁)ကောင်မွေးခြင်း၊ (၂)ကောင်(အမွှာ)မွေးခြင်းများရှိကြောင်း ဆိတ်များသည် ရာသီဥတုဒဏ်ခံနိုင် ပြီး ရောဂါကျရောက်မှု နည်းပါးသည့် တိရိစ္ဆာန်တစ်မျိုးဖြစ်ကြောင်း၊ (၂၄)လအတွင်း(၃)ကြိမ် ပုံမှန်သား ပေါက်သောကြောင့် တွက်ခြေကိုက်ပြီး စီးပွားဖြစ်မွေးမြူသင့်သော လုပ်ငန်းဖြစ်ကြောင်း ဆိတ်မွေးသူ များ ပြောပြ၍ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြင်းကဘက်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာနှင့်ရဲစုရပ်ကွက်မှ ဆိတ်မွေးမြူမည့်ပြည်သူများအား ငွေကျပ်(၃၃၀)သိန်း ထုတ်ချေးပေးထားပြီး ဆိတ်များကျန်းမာရေးနှင့်အကောင်ရေတိုးပွားရေး မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက စနစ်တကျ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)