ချောင်းဆုံမြို့နယ်၌ မျိုးစေ့ချကိရိယာ(seeder)ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကျင်းပ

ချောင်းဆုံ ဇူလိုင် ၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့်တောင်သူများ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက နတ်မှော်ကျေးရွာ ကွင်းအမှတ်-၇၇၉(က)ရှိ တောင်သူဦးသန်းထွန်းဝင်း၏ မိုးစပါးစိုက်ဧက(၁၁)ဧကတွင် ဆင်းသုခမျိုးစပါးအား မျိုးစေ့ချကိရိယာ(seeder)ဖြင့် စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုလျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာကာ အမြစ်ကြီးထွားမှု စောစီးစွာရရှိခြင်း၊ မြေဩဇာအသုံးပြုရာတွင် အကျိုးသက်ရောက်မှုမြင့်မားခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်းများကြောင့် အထွက်နှုန်းသိသာစွာတိုးပွားလာမည်ဖြစ်ကြောင်း မြို့နယ်အတွင်း မျိုးစေ့ချကိရိယာဖြင့် (၈၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဆက်လက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးကျော်လွင်က ပြောသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြို့နယ်အတွင်း မိုးစပါး(၆၅၂၄၂)ဧကစိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ  ဇွန်လအထိ (၃၃၅၂၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်၏ (၅၁.၃၈) ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)