မိုင်းဆတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် ယနေ့နေ့လယ် ၁၂ နာရီက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်ရှိ၊ ကလေးစာဖတ်ခန်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲကျင်းပရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ နေ့လယ်ထမင်းစားကျောင်းဆင်း အားလပ်ချိန်၌ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိကာ စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)