ကျိုင်းတုံ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ သံဃာဆေးကုသဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးဆက်အောင်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတို့က သံဃာဆေးကုသဆောင်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး အလှူရှင် ဦးစိုင်းဝင်းဖတ်က သံဃာဆေးကုသဆောင်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အလှူရှင် ဦးစိုင်းဝန်းဖတ်က သံဃာဆေးကုသဆောင်အသစ်အား တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးထံ လွှဲပြောင်းပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် သံဃာဆေးကုသဆောင်အသစ်အား တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းကြသည်။ ယင်းနောက် ကျိုင်းတုံတပ်နယ်မှူးနှင့် တာဝန်ရှိသူများက သံဃာဆေးကုသဆောင်အသစ်အား လှည့်လည်ကြည့်ရှုပြီး ဆေးကုသမှုခံယူလျက်ရှိသည့် သံဃာတော်များနှင့် (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများအား ကြက်ဥနှင့် အဟာရပြည့်အစားစာများ ပေးအပ်လှူဒါန်းကြသည်။
အဆိုပါ (၂၅)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၏ သံဃာဆေးကုသဆောင် အလျား ပေ ၆၀၊ အနံ ပေ ၃၀ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်နေ အလှူရှင် ဦးစိုင်ဝန်းဖတ် မိသားစုမှ ငွေကျပ် ၁၄၅၉ သိန်း အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)