ကွန်ဟိန်း ဇူလိုင် ၈
စားသုံးဆီဖူလုံစွာရရှိနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်း မြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုပ်မျိုးယှဥ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီခန့်က အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ စိုက်ပျိုးထားသည့် ပဲပုပ်မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလေးဝင်းက ထိုင်းဆီထုတ် ပဲပုပ်စိုက်ခင်းနှင့် ပဲပုပ်မျိုး (၄) မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်များ ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပဲပုပ်သီးနှံကျယ်ပြန့်စွာ စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံနိုင်ပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေနိုင်သောကြောင့် တောင်သူများအနေဖြင့် ပဲပုတ်သီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ဆီထုတ်ပဲပုပ်စိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ပဲပုပ်ကို မိုးဦးစိုက်သီးနှံအဖြစ် မေလ၊ မိုးလယ်စိုက်သီးနှံအဖြစ် သြဂုတ်လနှင့် စက်တင်ဘာလ၊ ဆောင်းစိုက်သီးနှံအဖြစ် အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်နှင့် မိုးကြိုသီးနှံအဖြစ် ဖေဖော်ဝါရီလတွင် စိုက်ပျိုးနိုင်ကြောင်းနှင့် ပဲပုပ်စိုက်ပျိုးချိန်တွင် မြေ၌အစိုဓာတ်ပြည့်ဝစွာရှိရန် လိုအပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)