ချမ်းအေးသာစံ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် ရွှေမန်းမောင်/မယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၇)ရက်နေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးဟန်မြိုင်နှင့်ကော်မတီဝင်များ၊ အမှတ်ပေးဒိုင်များ၊ ပြိုင်ပွဲဝင်များ၊ စိတ်ပါဝင်စားသူများ၊ ဝါသနာရှင်များ၊ iFIT Co.,Ltd မှ တာဝန်ရှိသူများနှင့် ကူညီပါဝင်ဆောင်ရွက်ခဲ့သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါပြိုင်ပွဲကို နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲ၌ ရွှေမန်းမောင် 70 Kg အထက် ပြိုင်ပွဲဝင် ၁၆ ဦး၊ ရွှေမန်းမောင် 70 Kg အောက် ပြိုင်ပွဲဝင် ၁၇ ဦး၊ Men's Athletic Physique ပြိုင်ပွဲဝင် ၂၇ ဦး ၊ Men's Sports Physique (170 cm) အထက်ပြိုင်ပွဲဝင် ၂၂ ဦး ၊ Men's Sports Physique(170 cm)အောက် ပြိုင်ပွဲဝင် ၁၄ ဦး ၊ Women's Model Physique (160)cm အထက် ပြိုင်ပွဲဝင် ၆ ဦး၊ Women's Model Physique (160)cm အောက် ပြိုင်ပွဲဝင် ၆ ဦး ၊ Women's Athletic Physique ပြိုင်ပွဲဝင် ၅ ဦးနှင့် အလွတ်တန်း ကာယဗလမောင် ပြိုင်ပွဲ ဝင်၅ ဦးတို့က သက်ဆိုင်ရာပြိုင်ပွဲအမျိုးအစားအလိုက်သတ်မှတ်ကိုယ်ဟန်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အလွတ်တန်းကာယဗလမောင်ပြိုင်ပွဲတွင် ရွှေမန်းမောင်ဆုရရှိသော မောင်ချမ်းမြေ့ထွန်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက Women's Athletic Physique ပြိုင်ပွဲတွင် ပထမဆုရရှိသော မဝါဝါအောင်အား ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ချီးမြှင့်ခဲ့ပြီး ဆုရရသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်