မန်ကန် ဇူလိုင် ၈
ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အိဇာချိုက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ဖတ်ကြားပေးပြီး ပြိုင်ပွဲကိုစတင်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက “ကိုးဦးအာဇာနည်” ကဗျာခေါင်းစဉ်ဖြင့် (၁၇)ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများကို မန်ကန်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတိအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အိဇာချို(မန်ကန်၊ပြန်/ဆက်)