မန်ကန် ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းများကို မန်ကန်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်က ဦးဆောင်မှုဖြင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်မှကင်းဝေးစေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှကင်းဝေးစေရန် ရေထည့်သော အိုးခွက်များ၊ ရေပုံးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေသိုလှောင်ကန်များ၊ ရေတိုင်ကီများနှင့် ကျောက်စည်များအား အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းများကို မန်ကန်မြို့ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အိဇာချို(မန်ကန်၊ ပြန်/ဆက်)