ကလောမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကလော  ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မိမိရုံးသို့မလာရောက်နိုင်သော ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရုံးစာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များနှင့် ကလေးပုံပြင်စာများကို အမျိုးအစားစုံလင်စွာဖြင့် ကလောမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ကွင်းဆင်းသွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးသည့် စာအုပ်စာစောင်များအား တစ်ပတ်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)